ကျမက ဧရာဝတီသူ၊ မိန်းမကိုယ်နဲ့ တော်လှန်တယ်

Close ×

ရန်ကုန်-အင်းစိန်လမ်းမကြီးက ယခင်ကလို မစည်ကားတော့ပါ။ အာဏာသိမ်းမှုက အင်းစိန်လမ်းမကို ည ၈ နာရီကျော်လျှင် မစည်ကားရလို့ တိုးတိုးတိတ်တိတ် သတ်မှတ်ပေးလိုက်ပုံရပါတယ်။ ကား၊ လူ အသွားအလာ ကျဲပါးလှတယ်။ သံလမ်းမှတ်တိုင်မှာတော့ လိုင်းကားစောင့်နေတဲ့ လူသုံးလေးယောက်။

“ဟာ… ဟိုမှာ မမူ၊ သူငယ်ချင်း… ကားကို ခဏ ပြန်ကွေ့ပေးကွာ၊ ငါ သူ့ကို ပစ္စည်းလေး ပေးစရာရှိလို့ပါ”
ပြောပြောဆိုဆို သူငယ်ချင်းက သူ့ခြေထောက်ရှေ့ ချထားတဲ့ ကျောပိုးအိတ်ကို ဆွဲယူဖွင့်နေတယ်။ ကျနော်လည်း ကားကို ပြန်ကွေ့လိုက်ရတယ်။

ကားမှတ်တိုင်နဲ့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ အမျိုးသမီးရှေ့မှာ ရပ်ပေးဖို့ သူငယ်ချင်းက လက်ဟန်ပြတယ်။ အသက် လေးဆယ်ဝန်းကျင်လောက် ရှိမယ့် ညဉ့်ငှက်မလေးတစ်ယောက်။ သူငယ်ချင်းက သူ့ကျောပိုးအိတ်ထဲက ထုတ်ထားတဲ့ ဘူးကို ယူရင်း အမျိုးသမီးဆီ ဆင်းသွားတယ်။

ဒီအမျိုးသမီးဟာ ညဉ့်ငှက်မလေးတစ်ယောက်ဆိုတာကို ကျနော်သိပါတယ်။ သူ့ရဲ့ ထင်ရှားလွန်းတဲ့ မိတ်ကပ် အပြင်အဆင်တွေကြောင့်လား။ မဟုတ်ပါခင်ဗျာ။ ကျနော့်သူငယ်ချင်းရဲ့ အလုပ်အကိုင်ကြောင့် ဒီအမျိုးသမီးဟာ ညဉ့်ငှက်မဖြစ်ရမယ်လို့ ကျနော် တပ်အပ်သေချာသိခြင်းပါ။ မင့်သူငယ်ချင်းက ဖာခေါင်းလားလို့ အမေးမစောပါနဲ့ခင်ဗျာ။ ရှင်းအောင်၊ ကျနော် လင်းပါမယ်။

ဒီလိုပါ။ ကျနော့်သူငယ်ချင်းက INGO တစ်ခုက ဝန်ထမ်းပါ။ သူတို့ INGO က ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေ ပြုလုပ်လေ့ရှိသလို AIDS ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ပြည့်တန်ဆာသုံး ကွန်ဒုံးတွေကိုလည်း အခမဲ့ ဖြန့်ဝေပေးလေ့ရှိပါတယ်။ အခုလည်း ကွန်ဒုံးဘူးကို ကိုင်ပြီး ဆင်းသွားတာပါ။ ဒါ့ကြောင့် ဒီအမျိုးသမီးကို ညဉ့်ငှက်မလေးလို့ ကျနော် တပ်အပ်သေချာ ပြောနိုင်တာပါခင်ဗျာ။

ကျနော်လည်း ခဏတဖြုတ် ခြေညောင်းလက်ဆန့် လုပ်ချင်တာနဲ့ ကားပေါ်က ဆင်းပြီး သူငယ်ချင်းရှိရာ လိုက်သွားလိုက်ပါတယ်။
“ဒါနဲ့… ဒီနေ့ မမူ တစ်ယောက်တည်းလား၊ မရီရီဝင်းရော မပါဘူးလား”
သူငယ်ချင်းက သူ့လက်ထဲက ဘူးကို အမျိုးသမီးဆီ ကမ်းပေးရင်း မေးနေတယ်။

“ရှင့်ဘော်ဒါက အော်ဒါ ပါသွားပြီလေ၊ ကျမလို အဘွားကြီးပေါက်စပဲ ကျန်တယ်၊ အဟက်ဟက်”
အမျိုးသမီးရယ်သံက သွေ့ခြောက်ခြောက် နိုင်လှတယ်။

“ရှင်တို့ အဖွဲ့အစည်းတွေကတော့ စေတနာနဲ့ ပေးတာပဲ၊ ဒါပေမဲ့ ဒါတွေက ကျမတို့အတွက် ရဲ ရစ်လို့ကောင်းတဲ့ဟာတွေပဲ”
ပြောရင်းဆိုရင်း အမျိုးသမီးက ဘူးကြီးထဲက ကွန်ဒုံးဘူးလေးတွေကို သူ့စလင်းဘက်အိတ်ထဲ ပြောင်းထည့်လိုက်ရင်း ဘူးခွံကို ရေမြောင်းထဲ လှမ်းပစ်ထည့်လိုက်တယ်။

“ဪ…. မမူရယ် ကွန်ဒုံးပါတာနဲ့ ရဲက ဖမ်းလို့မရပါဘူး၊ ဥပဒေအရ……”
“တော်ပါတော့ ကိုအောင်ထက်ရယ်၊ ရှင့်ဥပဒေတွေက ရဲပါးစပ်ထဲပဲရှိတာ ကျမတို့က အသိဆုံးပါ”

သူငယ်ချင်းစကားမဆုံးမီ အမျိုးသမီးက ဖြတ်ပြောလိုက်တယ်။ သူငယ်ချင်း ဘာဆက်ပြောရမှန်းမသိ။ ခေါင်းကုတ်နေတယ်။

ဒီအချိန်မှာပဲ စစ်တပ်က Double Cub ကားတစ်စီးက ကျနော်တို့ရှေ့ ခပ်လှမ်းလှမ်းမှာ ထိုးရပ်လာတယ်။ ဓာတ်တိုင်တစ်တိုင်စာ အကွာမှာပဲ။ စစ်သားနှစ်ယောက် အောက်ကို ဆင်းတယ်။ သေနတ်ကိုင်ရင်း တောင်တောင်အီအီ ကြည့်နေတယ်။

“ဟိုနေ့ကကောင်တွေပဲလား မသိဘူး”
စစ်ကားဆီ လှမ်းမျှော်ကြည့်ရင်း မမူဆီက အသံထွက်လာတယ်။

“သူတို့နဲ့ လိုက်ဖူးလို့လား”
သူငယ်ချင်းက မမူကို လှမ်းမေးတယ်။ မမူ ခေါင်းညိတ်ပြတယ်။

“သူတို့က ပိုက်ဆံရော ပေးလို့လား”
“မပေးပါဘူး…. မပေးပေး၊ ကျမ သူတို့နဲ့ဆို အရမ်းကို လိုက်ချင်တယ်”

ဗုဒ္ဓေါ။ အခကြေးငွေနဲ့ ခန္ဓာကို ငှားစားရတဲ့ အမျိုးသမီးက ငွေမရဘဲ လိုက်ချင်တယ်တဲ့လား။ သူလိုက်ချင်တဲ့ အဖွဲ့ကလည်း ကြည့်ဦး။ ပြည်သူ့ချဉ်ဖတ်။ ဘာ့ကြောင့်များ သူမ အခမဲ့ခန္ဓာကိုယ်ကို ထိုးအပ် ပေးဆပ်လိုပါသလဲ။
*** *** *** ***

“ဘီယာပဲ မှာလိုက်မယ်နော်”
စားပွဲထိုးလေးကို ဘီယာနှစ်ခွက်နဲ့ အမြည်းမှာအပြီး သူမအတွက် သောက်စရာ မှာပေးဖို့ အတည်ပြုမေး မေးလိုက်တဲ့ ကျနော့်မေးခွန်းကို သူမက ဟက်ခနဲ ရယ်တယ်။

“ပေါက်စည်သာပေး မောင်လေး၊ ရှင်တို့ ကျမကို ဘီယာချည်းပဲ တိုက်မယ်ဆိုရင် ရှင်တို့ ငွေကုန်တာပဲ အဖတ်တင်မယ်၊ ကျမအတွက်လည်း ဆီးရွှင်တာပဲရှိမယ်၊ သောက်ပေါက်ဖြစ်မယ်၊ သောက်လိုက် ပေါက်လိုက်လေ… ဟဲဟဲ”
စားပွဲထိုးလေးကို သူ့ဘာသာ အော်ဒါပေးရင်း ကျနော်တို့ကို ကြည့်ပြော ပြောပြီး ရယ်နေတယ်။

သူမအမည်ရင်းက မမူမူနွဲ့။ အမည်နဲ့လိုက်အောင် ဟန်ပန် အမူအရာ မူနွဲ့လှသူ။ ဗမာ-ကရင်စပ်မို့ ဖွေးဖြူသည့်အသားအရေ၊ လှပသည့် မျက်ခုံး၊ မျက်လုံး၊ နှာတံတို့ကို ပိုင်ဆိုင်ထားသူ။ ငယ်စဉ်က အတော် ချောမောလှပခဲ့မည်ဆိုခြင်းကို အသက်လေးဆယ်နီးပါး ရောက်သည်အထိ မပျက်ယွင်းတဲ့ ခန္ဓာကိုယ် အချိုးအစားက သက်သေထူနေပါတယ်။

“ကျမတို့ အိမ်က ထမင်းဆိုင်လေ၊ ကျမ အဝေးသင် ဒုတိယနှစ် ကျောင်းသူအရွယ်မှာ သူနဲ့ စတွေ့တာလေ၊ ကျမတို့ ထမင်းဆိုင်မှာပဲ သူ့ကားက အသွားရော အပြန်ရော နားတာကိုး”

ဝီစကီတစ်ပက်ရောစပ်ထားတဲ့ ဘီယာကို တစ်ကျိုက်မော့လိုက်ရင်း ငါးရှဉ့်ခြောက်စပ်ကြော် တစ်ဖတ် ဆွဲယူ ဝါးပြီးမှ သူမ စကားဆက်တယ်။

ရန်ကုန်နှင့် ပုသိမ်ကို လူးလာခေါက်ပြန် သွားလာနေတဲ့ ကုန်ကားပိုင်ရှင် လူငယ်လေးနဲ့ ထမင်းဆိုင်ရှင်ရဲ့ သမီးတို့ ငြိစွန်းကြတာ အဆန်းတကြယ်တော့ မဟုတ်လှ။ နှစ်ဖက်မိဘများကလည်း ကြည်ကြည်ဖြူဖြူ ပေးစားခဲ့ကြပါတယ်။

မူမူနွဲ့တို့ရဲ့ အိမ်ထောင်ဦးခရီးစဉ် အစသည် အားလုံး ပြေပြေပြစ်ပြစ်။ သူမလည်း ယောင်နောက် ဆံထုံးပါ ရန်ကုန်လိုက်နေရတယ်။ အိမ်ထောင်သက် ၂ နှစ်လောက်အရောက်တွင်တော့ ယောက်ျားဖြစ်သူက ပုသိမ်လမ်းကြောက မကိုက်ဟုဆိုကာ ရန်ကုန်-မူဆယ် လမ်း‌ကြောင်းသို့ ပြောင်းလဲပြေးဆွဲပါတော့တယ်။ ဒီခရီးလမ်းဟာ သူတို့အိမ်ထောင်ထဲ မုန်တိုင်းပျိုးခြင်းဆိုတာကို ထိုစဉ်က မမူ မသိခဲ့ပါ။

စားသောက်ဆိုင်နံရံမှာ ချိတ်ဆွဲထားတဲ့ မီးပြာဖျော့ဖျော့ကို သူမ မော့ကြည့်ရင်း
“ကိုကျော်မြင့်ဆိုတဲ့ ကားအုံနာဆွယ်တဲ့နောက် သူပါသွားတာပဲ။ အဲဒီလမ်းကြောမှာ နံပါတ်ဖိုး စစွဲတာပါပဲ၊ နောက်မှ ကျမပြန်သိရတာက ကိုကျော်မြင့်ကပဲ သူ့ကို ဆေးဇာတ်သွင်းခဲ့တာပဲ” လို့ သူမ လေးလေးပင်ပင် ပြောနေတယ်။

ကုန်ဖိုးကားခ ပြန်ပါမလာတဲ့အပြင် မိဘက ဆင်ပေးလိုက် လက်ဝတ်ရတနာတွေကိုပါ ချစ်ရတဲ့ အိမ်ထောင်ဖက်ကို မမူ ထိုးအပ်ခဲ့ပါတယ်။ မွေးကင်းစ သမီးလေးရဲ့ မျက်နှာကို ငဲ့ပြီး ဆေးဖြတ်ဖို့ ငိုယိုတောင်းပန်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဆေးမှုနဲ့ ထောင်ကျခြင်းဆိုတဲ့ မီးပွားကသာ သူမ ခေါင်းပေါ် ကျလာပါတယ်။ သုံးလဆိုသော စီရင်ချက်ကျဖို့ ရဲနဲ့ တရားသူကြီးကို ရှိသမျှ ချေးငှား ထိုးအပ်လိုက်ရတဲ့အဆုံး သူမရဲ့ မိဘက အမွေဖြတ်ခြင်းဆိုတဲ့ ဆုလာဘ်ကိုသာ သူမ ရရှိခဲ့ပါတယ်။

“သူ့မိဘက အမွေပေးထားတဲ့ ကုန်ကားကိုလည်း ကိုကျော်မြင့်ဆီပဲ ပေါင်ထားရတယ်လေ၊ ထောင်ကလွတ်လာပြီး သိပ်မကြာပါဘူး၊ သူ ဖိုးရှော့နဲ့ သေတာပါပဲ။ ကျမလည်း ကိုကျော်မြင့်ရဲ့ မယားငယ်ဖြစ်တာပါပဲ”
စကားအဆုံးမှာ မမူဟာ သူ့နှုတ်ခမ်းထောင့်စွန်းကို ဆွဲကိုက်လိုက်တာ ကျနော် သတိထားမိပါတယ်။

ကုန်ကားကို ပုံမှန်လည်ပတ်နိုင်အောင် ဦးစီးလုပ်ပေးမယ်ဆိုတဲ့ ကိုကျော်မြင့်ရဲ့ စကားမှာ နစ်မြောမိတဲ့ သူမဟာ ခန္ဓာကိုယ်ကိုပါ သိမ်းပိုက်ခြင်းခံလိုက်ရပါတယ်။ အနံ့ဆိုးထွက်လာတဲ့သူမနဲ့အတူ သမီးငယ်ကို မထားလိုတဲ့အတွက် သမီး လေးနှစ်ကျော်အရွယ်မှာပဲ ယောက္ခမတွေက ခေါ်ယူသွားပါတော့တယ်။

မယားငယ်ဘဝ ရောက်ရှိပြီးမှ သူမသိလိုက်ရတာက ယောက်ျားမိတ်ဆွေဆိုသူ ကိုကျော်မြင့်ဟာ မူဆယ်နဲ့ ရန်ကုန်ကို မူးယစ်ကူးသန်း ရောင်းဝယ် ဖောက်ကားနေသူ ဆိုခြင်းပင်။

“ကျမယောကျ်ားရော၊ ကျမကိုရော ဖျက်ဆီးခဲ့သူမို့ အဲဒီလူယုတ်မာ ကျော်မြင့်ကို ကျမ ရဲတွေကို ဖုန်းဆက်ပြီး တိုင်တယ်၊ ဘယ်ကားနဲ့ ဘာပါလာမယ်ဆိုတာ အတိအကျ ကျမတိုင်တာကို ရဲက မဖမ်းဘူး၊ ကျမပဲ အခန်းပိတ်ပြီး အရိုက်ခံခဲ့ရတယ်”
ပြောရင်း သူမ မျက်ရည်ကျလာတယ်။ ကျနော် တစ်ရှူးကို ကမန်းကတန်း ဆွဲယူ ကမ်းပေးလိုက်ရတယ်။

“ဟုတ်ကဲ့… မမူ၊ အမြည်းစားပါဦး”
ကြက်သားကျွတ်ကြော် ပန်းကန်ကို သူမရှေ့ တိုးပေးလိုက်မိတယ်။

သိချင်တဲ့ အကြောင်းအရာကို ချက်ချင်း မမေးသေးဘဲ အတောမေးခွန်းတွေ မေးနေခြင်းက သူမကို စိတ်ဖိစီးမှုဖြစ်နေစေပြီလား။ ကျနော် ပြန်လှန် သုံးသပ်နေမိတယ်။

“ဒါနဲ့ မမူ သမီးလေးရော၊ ဘယ်အရွယ်ရောက်ပြီလဲ”
သူငယ်ချင်း အောင်ထက်ရဲ့ မေးခွန်းသံကြောင့် သူမရဲ့ မှိန်ဖျော့ဖျော့ မျက်ဝန်းတွေ ပြန် အရောင်တောက်လာတယ်။

“ဆယ်တန်းအောင်ပြီးသွားပြီ ကိုအောင်ထက်ရဲ့၊ အမေတူသမီးလေ သိလား။ ချောချောလေး၊ ခစ်ခစ်၊ သူ့အဘိုးအဘွားတွေက အရမ်းဂရုစိုက်ပါတယ်၊ သုံးဘာသာဂုဏ်ထူးနဲ့ အောင်တယ်လေ၊ ကျမဆီတော့ တစ်နှစ်မှ တစ်ခါလောက်ပဲ လာတွေ့တာပါ။ အမှန်ဆို ခု သူလည်း ဒုတိယနှစ်ပေါ့၊

အခုတော့ ဟိုသူတောင်းစားကြောင့် တက္ကသိုလ်လည်း မတက်ရဘူးလေ”
ကိုကျော်မြင့် မယားငယ်ဘဝနဲ့ အသုံးတော်ခံရပြီးနောက် မမူဟာ ကိုကျော်မြင့်ရဲ့ တပည့်ဖြစ်သူ ကားလေထိုးကျွတ်ဖာဆိုင်ရှင်နဲ့ အိမ်ထောင်သစ် ထူထောင်ရပြန်ပါတယ်။ တစ်ခုလပ် လေထိုးကျွတ်ဖာဆိုင်ရှင်ဟာလည်း အသောက်အစားနဲ့ နှစ်လုံးထိုး၊ သုံးလုံးထိုး များလွန်းတာကြောင့် လှိုင်သာယာက မူလဆိုင်ခန်းလေးကို ရောင်းလိုက်ရပြီး မမူတို့ဟာ ကျူးကျော် တဲနန်းရှင်တွေ ဖြစ်လာရပါတော့တယ်။

“ကံဆိုးမသွားရာ မိုးလိုက်ရွာတဲ့၊ သူလည်း ကျမနဲ့ ညားပြီး သုံးနှစ်မခံပါဘူး။ ဆုံးရှာပါတယ်။ ကျမရလိုက်တာက ကွန်ပရက်ဆာ၊ တူတွေ၊ ဂွတွေ၊ တာယာဟောင်းတွေနဲ့ ကျူးကျော်အိမ်လေးတစ်လုံးပေါ့၊ မပိုင်ဘူးလား၊ ဟက်ဟက်ဟက်”

ကွဲရှရှ ရယ်သံကို မမူဟာ ပေါက်စည်နဲ့ မျောချ ရှင်းပစ်လိုက်တယ်။

ကြက်ကြော်တစ်တုံး ယူစားတယ်။ နံရံကပ်ပန်ကာကို ကြိုးဆွဲပြီး ဖွင့်တယ်။
“မီးအားနည်းလို့ထင်တယ်၊ သိပ်မလည်ဘူး”
ပြောရင်း သူ့လက်နဲ့ သူ့မျက်နှာကို ယပ်ခပ်နေပြန်တယ်။ ဆိုင်အပြင်က နှိုးထားတဲ့ မီးစက်ကို ကျနော် လက်ညှိုးထိုးပြလိုက်တော့
“ဪ … မီးမှ မလာတာကိုး၊ စက်က မီးအား မနိုင်တာဖြစ်မယ်၊ ဒီထက်လည်း ပူစရာ အကြောင်းမရှိတော့ပါဘူးလေ”
ပြောပြောဆိုဆို ပန်ကာကြိုးကို ဆွဲပြီး ပိတ်ပြန်တယ်။ မမူ နှုတ်ခမ်းက ပြုံးနေတယ်။ မဲ့ပြုံး ဆိုတာ ဖြစ်မယ်ထင်ပါရဲ့။

သူပိုင်ဆိုင်တဲ့ ကျူးတဲနန်းလေးမှာ ကြာကြာ မစံမြန်းလိုက်ရပါ။ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ထိုးဖျက် ချေမွ ဖျက်ဆီးပစ်လိုက်ပါတော့တယ်။

“ကိုအောင်ထက်”
ကျနော်နဲ့ မမူ စကားပြောနေတုန်း ဖုန်းပွတ်နေတဲ့ သူငယ်ချင်းက မမူအသံကြောင့် မော့ကြည့်လာတယ်။
“ကိုဆန်းတင့်လွင်နဲ့ တွေ့သေးလား၊ ကျမ ARV ဆေးမရတာ တစ်လလောက်ရှိနေပြီ”
“မတွေ့ဖြစ်ဘူးဗျ၊ သူတို့ရုံးကိုလည်း အာဏာပိုင်တွေက မျက်စောင်းထိုးနေတယ်၊ ဆေးဝါးတင်သွင်းခွင့်တောင် ပေးသေးရဲ့လား မသိဘူး”

ကိုဆန်းတင့်လွင်ဆိုတာက အောင်ထက်လို INGO ဝန်ထမ်းတစ်ယောက်ပါပဲ။ သူတို့ရုံးကတော့ AIDS ဝေဒနာသည်တွေအတွက် ARV, ART တွေ ဆေးတွေကို အခမဲ့ ဖြန့်ဝေပေးနေတာပါ။ မမူကတော့ သူ ဆေးမရတာ တစ်လလောက်ရှိပြီလို့ ဆိုလာပါပြီ။ ဆိုင်ပိတ်ချိန်လည်း နီးလာပြီ။ ဝိုင်းတချို့ကို သိမ်းနေပါပြီ။
“ဒါနဲ့ စောစောက စစ်ကားကို တွေ့တော့ ၊ မမူက ပိုက်ဆံမပေးလည်း သူတို့နဲ့အတူ လိုက်ချင်တယ်လို့ ပြောခဲ့တယ်နော်၊ ဘာလို့လဲ”
ကျနော့် မေးခွန်းအဆုံးမှာ မမူက လေးခွက်မြောက် ဘီယာခွက်ဆီ လှမ်းနေတဲ့ သူ့လက်ကို ရုပ်သိမ်းလိုက်ရင်း သူ့လက်သည်းချွန်လေးတွေကို လက်မနဲ့ ပွတ်နေတယ်။

“ကျမကို တစ်နေ့က သူတို့ ခေါ်သွားတယ်၊ လှိုင်ရဲစခန်းက ရဲတစ်ကောင်က ကားပေါ်က ဆင်းခေါ်တာပါ၊ သူတို့ စတည်းချတဲ့ လှိုင်တက္ကသိုလ်ထဲ ကျမ ပါသွားတယ်၊ ငွေစကားမပြောပါဘူး၊ ပြောလို့လည်း မရဘူးလေ၊ ရဲက ခေါ်မှတော့၊ ဒီမှာ တွေ့လား ကျမလက်နက်”
မမူက ပြောနေရင်းနဲ့ သူ့လက်သည်းချွန်တွေကို ထောင်ဖြန့်ပြတယ်။

“မူးရူးနေတဲ့ သုံးကောင်လုံးကို ကျမလက်နက်နဲ့ တိုက်ခဲ့တယ်၊ ဒီမယ်ကြည့်”
ပြောပြောဆိုဆို သူ့လက်ညှိုး လက်သည်းခွံကို စားပွဲနဲ့ ပွတ်ဆွဲနေတယ်။ ခဏလောက်ကြာတော့
“ကိုင်ကြည့်”
သူ့ လက်ဖျားကို ဆန့်တန်းပေးလာလို့ ကျနော်လည်း သူ့လက်ညှိုးဖျားကို ထိကြည့်ရတယ်။

“ပူတယ်နော်”
“ဒါပဲပေါ့၊ မူးရူးနေတဲ့ သူတို့ရဲ့ အင်္ဂါထိပ်ဖျားကို လက်သည်းနဲ့ ခြစ်ပြီး ဒီလိုလက်သည်းပူနဲ့ ကပ်ပေးလိုက်တယ်၊ ကွန်ဒုံးလည်း ပေးမသုံးပါဘူး၊ ဒါ ကျမ ဧရာဝတီသူရဲ့ တော်လှန်ရေးပဲ၊ ဟားဟား ဟားဟား”
ပါးစပ်ကို လက်နဲ့ပိတ်ရယ်နေပေမယ့် သူမရယ်သံက အခြားစားပွဲတွေဆီထိ ဖိတ်လျှံကျသွားမှာ သေချာပါတယ်။

မမူ ငှားရမ်းနေထိုင်ရာ လှည်းတန်းလမ်းဆုံ၊ အတွင်းလမ်းထဲက အဆောင်ထိ လိုက်ပို့ပြီး ပြန်ထွက်လာတော့
“အောင်ထက် မမူပြောသွားတာတွေက အမှန်ဟုတ်လောက်ရဲ့လား၊ လုပ်ဇာတ်တွေများ ဖြစ်နေမလား”
ကျနော့်အမေးကို သူငယ်ချင်း အောင်ထက်က ဟက်ခနဲ တစ်ချက်ရယ်သည်။

“ဖာသည်ဆိုတိုင်း အလိမ်အညာတွေချည်း လွတ်မယ်လို့ မထင်နဲ့လေကွာ၊ မမူက ငါ့ထက် သုံးတန်း‌လောက် ငယ်ပေမယ့် ငါတို့မြို့က ကျဉ်းကျဉ်းလေးဆိုတော့ သူ့အကြောင်း ငါကောင်းကောင်းသိပါတယ်”
အောင်ထက်ထံမှ အဖြေထွက်လာမှ ကျနော် သတိရသွားတယ်။ အောင်ထက်သည်လည်း ကျုံပျော်သားပေပဲ။

အပြန်လမ်းတစ်လျှောက်တွင်တော့ ” ဒါ ကျမ ဧရာဝတီသူရဲ့ တော်လှန်ရေးပဲ”ဆိုကာ ခြောက်ကပ်ကပ် ရယ်နေတဲ့ မမူအသံက ကျနော့်နားစည်ထဲ ပဲ့တင်လှိုက်ခတ်နေပါတော့တယ်။

~~~~~~
သစ်ဆန်းနိုင်